0

ချစ်သု ဆင်ဖိုနီ

Published at 5:27 PM in


လူတစ်ယောက်ရဲ့ အိပ်မက်တွေကို ဖျက်လို့ဖျက်ဆီး

နတ်သမီးဆိုတဲ့ဒင်းကလေးအတွက်...

ဝင်သက်မှာ သတိရခြင်း

ထွက်သက်မှာ လွမ်းဆွတ်မှု

အဲ့ဒိလိုနဲ့...ကဗျာတစ်ပုဒ်ရဲ့ ၀င်သက်ထွက်သက်ဆိုတာ...။ ။

ဥယျာဉ်ထဲမှာ လူတွေကအများကြီး

ပန်းကလေးကတစ်ပွင့်ထဲ

ဘယ်နှယောက်စာမွှေးနေရတာလဲကွယ်

ပန်းကလေးရယ်... ငါမောတယ်။ ။

ဒီမနက်တိုင်းမှာငါလေလွမ်းတတ်ခဲ့ပြီပဲ

ကမ္ဘာတစ်ခြမ်းစာအလွမ်းနဲ့ ထုဆစ်ထားတဲ့မျှော်စင်

လှမ်းကြည့်ရင်တော့ မြင်ရလိမ့်မယ်...

ဟန်ဆောင်ကောင်းသူတစ်ယောက်က

သူ့နှလုံးသားကို...

ရင်ဘတ်ဟဗြဲကြီးနဲ့ ဖုံးဖိထားလေရဲ့...။ ။

တကယ်ဆိုရင်...လိုအပ်ချက်ကွက်လပ်တွေသိပ်များလွန်းနေလို့

တကယ်ဆိုရင်...နက္ခတ်ဆိုးတွေရဲ့အငြိုးကြောင့်

လက်ဖ၀ါးမိုးကောင်းကင်ဟာ

လွင်ပြင်ထဲက ကန္တာရပင်တစ်ပင်...

တကယ်ဆိုရင်...နင်မရှိတဲ့နေ့ရက်တွေကိုရှေ့ဆက်နိုင်ဖို့ ။ ။

နောင်တစ်နေ့တော့...ပြန်တွေ့တာပေါ့

နောင်တစ်နေ့တော့...ငါတို့နှစ်ဦးဖြစ်နိုင်ရင်

ဖြစ်နိုင်မလားမသိဘူးဆိုတဲ့မုန်ယိုဆင်ကို

အပ်ချည်ကြိုးတစ်ပင်နဲ့ရစ်ပတ်ခိုင်မာ

ငါ့ကိုယ်ငါ...လှည့်ပတ်လိမ်ညာ ။ ။

ဇာတ်သိမ်းခန်းမှာ

ကဗျာဆရာရဲ့ဘ၀ဟာ ကဗျာမဆန်ဘဲ

ကဗျာဆရာရဲ့ကဗျာဟာ ဘ၀ဆန်လာတယ်

ဇာတ်သိမ်းခန်းပြီးတော့...မင်းသမီးလေးအကယ်ဒမီရသွားတယ်။ ။

ကြယ်ရိုင်း

0

ရင်ကွဲဂီတ(မငယ်)

Published at 5:22 PM in

ရှောင်မရတဲ့ လမ်းခွဲညနေတွေ

ငါ့ရင်ဘတ်ပေါ် ရောက်ရောက်လာတယ်

ပိုပြီးနာကျင်စေမယ့် စကားတွေ လွင့်ထွက်မလာခင်

နင်….. ဟိုးဝေးဝေးမှာ သွားနေပေးစမ်းပါ။

အခန်းရဲ့ထောင့်ကျဉ်းတစ်ခုမှာ

ထောင့်ကျယ်တစ်ခုလို စိတ္တဇနဲ့

ခံစားချက်တွေ သံရှည်စွဲတတ်လွန်းလို့

နင်….. ဟိုးဝေးဝေးမှာ သွားနေပေးစမ်းပါ။

အိပ်မက်နဲ့လုပ်တဲ့ ညစစ်စစ်တွေ

လူမြင်မခံဝံ့ပေမယ့် အသေအချာ ငါပိုင်ဆိုင်ခဲ့ဘူးတယ်။

တစ်ကိုယ်စာကျဉ်းကပ်ခဲ့ရတဲ့ နေရာတခုစာမှာ

ဘယ်တော့မှ မဖူလုံနိုင်မယ့် ချစ်ခြင်းတွေ ရှိရဲ့။

ငါ့ရင်ကိုသာ ဟက်ခနဲ ခွဲပြီး….

နင်….. ဟိုးဝေးဝေးမှာ သွားနေပေးစမ်းပါ။

အလွမ်းဆိုတာ နင်ချကျွေးခဲ့တဲ့ အစာ

ငါ့အနီးအနား ရောက်ခဲ့ပေမယ့် ငါ မပိုင်ဆိုင်လိုက်ရတဲ့ စာမျက်နှာ။

ရင်မှာအလိုက်တသိနဲ့ စိတ်ဆန္ဒတွေအောက် ဥပေက္ခာတွေ ချချကျွေးရင်း

ငါ့ရှင်သန်နေထိုင်ခြင်းများရဲ့နောက်……

နင်….. ဟိုးဝေးဝေးမှာ သွားနေပေးစမ်းပါ။

အဝေးမျှော်ခံစားချက်တွေနဲ့

အရူးတပိုင်းစိတ်နဲ့ လေလွင့်လို့ … ရူးနှမ်းလို့

ကိုယ့်ကိုယ်ကိုယ် ဘာမှန်းမသိချင်တော့တဲ့အခါ

နင်….. ဟိုးဝေးဝေးမှာ သွားနေပေးစမ်းပါ။

စိတ်ကူးက နင့်ဆီရောက်နိုင်ပေမယ့်

လက်တွေ့မှာ စည်းရိုးမကျော်ဘူး

မသေနိုင်အောင် လောင်ကျွမ်းဆဲနှလုံးသားက နင့်နှုတ်ခမ်းတွေကို ဆာလောင်တယ်

နင်….. ဟိုးဝေးဝေးမှာ သွားနေပေးစမ်းပါ။

နင့်အပြုံးတစ်ခုနဲ့ ရောင့်ရဲမှုကို

သက်ပြင်းတွေကြား အခါခါ ထိုးသိပ်ထားရ

စကားလုံးနဲ့ အနှစ်သာရတွေ ပြောင်းပြန်အချိုးကျ

ငါက… နင်လူလည်လုပ်ခြင်းကို သိသိကြီးခံနေရတဲ့…. လူ။

ပြင်ဆင်နိုင်ခွင့်မရှိသော

ဘေးကျပ် နံကျပ်အလွမ်းများ.. ရင်ဘတ်ထဲ ပြန့်ကျဲမိတဲ့အခါ

ငါဟာ… နင်မမြင်နိုင်သော အခြားတစ်ဖက်စီကို

လွင့်ထွက်သွားချင်တဲ့….. လူပါ။


မငယ်(စုဗူး)

ရင်ကွဲ ဂီတ

Thursday, June 18th, 2009

0

ကြိုးပြတ်သွားသောတိမ်(shwegold)

Published at 5:21 PM in


ငါ့အသက်နာရီကို

စည်းချက်နဲ့ ညီစေခဲ့သူ

နှလုံးသားအဟောင်းလေးထဲ

အိပ်မက်အသစ်တွေ လောင်း,လောင်းထည့်

အခုဆို………..သူ့ရဲ့ခြေလှမ်းတောင် သံစဉ်တစ်ပုဒ်ဖြစ်ခဲ့ပြီ်

မင်းလက်တွေလှုပ်ရမ်းခြင်းကပဲ

နှုတ်ဆက်ခြင်းကို အမည်မဖော်ပဲရောက်ရှိစေခဲ့သလား

ကွဲအက်လုကြည်နှုးမှုတွေနဲ့

တစ်ဖက်သက်စစ်မျက်နှာမှာ

အရာရာပြီးဆုံးတော့မှာလား

ခဏတာသာစီးမျောခွင့်

လမ်းဟောင်းလေးက တမ်းတတယ်……..ဟန်နီ

ငါ့နှလုံးသားရပ်နေတာက

မင်းရင်ခွင်ကမ်းပါး..

ရှေ့ဆက်တိုးရင်

ပြုတ်ကျမယ်မှန်း သိခဲ့ပေမယ့်

ငါ့ခြေလှမ်းတွေ

တစ္ဆေ ၀င်စီးခဲ့လေတော့ ....။

(shwegold)

0

သို့......

Published at 6:26 PM in


ငါ့ရဲ့.......
အချိန်တွေတိုင်း
နင့်အတွက်
သတိရပေးခဲ့တယ်
အရင်က...

ငါ့နေ့ရက်တွေထဲ
နင်ပျော်ဝင်ခဲ့ဘူးတဲ့

နေ့စွဲတွေကိုလည်းလွမ်းတတ်ခဲ့တယ်

ဟိုးတုန်းက

နေရာတကာဆရာလုပ်တတ်တဲ့

နင့်အကျင့်တွေကို
တိတ်တခိုး
ခုံမင်ခဲ့ဖူးတယ်
ဆယ်စုနှစ်တခုကျော်တိုင်အောင်

ငါ....ရိုးသားစွာ မြတ်နိုးခဲ့ဖူးတဲ့.......(နင်)
တကယ်တော့.....
နင်ဟာငါ့အချစ်ဆုံးသူငယ်ချင်းပါ




ငရဲမီး

0

ပျောက်ဆုံးနေတဲ့ ညစောင့်တဦးရဲ့အိပ်မက်(နေမျိုး)

Published at 4:05 PM in

ပျောက်ဆုံးနေတဲ့ ညစောင့်တစ်ဦး၏ အိပ်မက်

Tuesday, June 16th, 2009


ငတ်မွတ်နေတဲ့ လူတစ်ယောက်ကို
"အစားအစာ" နဲ့ "ဘုရားသခင်"
ဘယ်သူ့ကို ပိုယုံကြည်လဲမေးရင်
ဘာဖြေလိမ့်မယ် ထင်သလဲ ။

အစကတည်းက လှည်းစားခံရ
စွတ်ပြုတ်တစ်ခွက်ဟာ
တချို့သူအတွက်
အပျော်တမ်းစားသောက်စရာ ဖြစ်ပေမယ့်
ညနေစာ မစားရသေးတဲ့ ညစောင့်အတွက်တော့
ဒါဟာ
ပိုပြီး အရေးတကြီးလိုအပ်သင့်တဲ့အရာ ဖြစ်နေပေါ့။

အားလုံး ပြည့်ပြည့်၀၀ပြီးဆုံးသွားတဲ့ ကောင်းကင်ကြီးအောက်
ဆာလောင်နေတဲ့မျက်လုံးတွေကို မြင်ရတာလောက်
ဝမ်းနည်းစရာ မရှိဘူး ။

အဲဒီ မျက်လုံးတွေဟာ ကြယ်ကလေးတွေလိုပဲ
အကြေကွဲဆုံးစကားတွေနဲ့ တလက်လက်တောက်ပနေတတ်လို့။
ဆိုင်နဲ့ အိမ်တံခါးပေါက်တွေလည်း
ပိတ်သွားပြီ
ဒီမြို့ကြီးမှာ
စွတ်ပြုတ်တစ်ခွက် ဘယ်နေရာကမှ မရနိုင်တော့ဘူးလား ။

ဘုရားသခင်ဟာ
တချို့သူတွေကို နည်းနည်းပိုပေးလိုက်တာကြောင့်
တချို့သူတွေမှာ လုံးဝမရတော့တာလား
လမ်းပေါ်မှာရပ် စဉ်းစားဆဲ ။

နေမျိုး

0

creative photo

Published at 3:26 AM in

ကျနော်လည်း creative photo တွေသိမ်းရတာဝါသနာတခုဖြစ်နေတယ်လေ....
သူငယ်ချင်းတစ်ယောက်ကလည်းပို့ပေးတော့ ရှိတာတွေနဲ့ရောတင်လိုက်တာ...နောက်လည်း ပုံတွေထပ်တင်ထားမယ်.......